စာမျက်နှာများ

Friday, March 28, 2014

ပေါင်းကြမ်းသတ်ဆေး သုံးစွဲမှု နှင့် ဈေးကွက်

ပေါင်းကြမ်းသတ်ဆေး သုံးစွဲမှု နှင့် ဈေးကွက်
ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နှင့် ပန်းတနော် မြို့နယ်

မုရင်းစပါး ရိတ်သိမ်းပြီးသူများနှင့် မိုးစပါး စိုက်ပျိုးရန် အသင့်ဖြစ်နေသော လယ်သမားများ အနေဖြင့် မိုးရွာသွန်းမှုကို စောင့်ဆိုင်းနေကြသည်။
မိုး တစ်ကြိမ်၊ နှစ်ကြိမ် ရွာသွန်းပြီးနောက်မှ ပေါက်လာတတ်သော လယ်ကွက်များ အတွင်းမှ ပေါင်းပင်များနှင့် ကန်သင်းပေါ်တွင် ပေါက်တတ်သော ပေါင်းများကို ဖြန်းသတ်ရန် ပေါင်းကြမ်းသတ်ဆေးများ အသုံးပြုကြမည် ဖြစ်သည်။

မုရင်းစပါး စိုက်ပျိုးရေးတွင် ပေါင်းကြမ်းသတ်ဆေးများ အသုံးပြုမှု
မုရင်းစပါးစိုက်ပျိုးသည် ဆိုသည်မှာ မိုးရာသီတွင် ရေများဖြင့် ပြည့်နေသော ရေနက်ကွင်းများ ဖြစ်ပြီး၊ မိုးစပါး စိုက်ပျိုး၍ မရပေ။ သို့ရာတွင် မိုးရသီး ရေမြုပ်နေစဉ် ကာလအတွင်း ပေါက်ရောက်သော ပေါင်းများအား သတ်ထားခြင်း မပြုပါက ဆောင်းရာသီ စပါးစိုက်ပျိုးရန် ပြင်ချိန်တွင် အခက်အခဲ များစွာ ကြုံကြရသည်။
ထို့ကြောင့် မိုးတွင်း ကာလအတွင်း ပေါင်းရှင်းခြင်း ကို ပြုလုပ်ကြရသည်။ ပုံမှန် ဓလေ့အားဖြင့် ရေအောက်ရှိ ပေါင်းမြက်များ၏ အခြေကို ကိုင်းခုတ်ဓားဖြင့် ယမ်း၍ ခုတ်ရသည်။ လုပ်သားအင်အား များစွာ လိုအပ်သည်။ ထိုသို့ ပေါင်းရှင်းခြင်းကို မိုးတွင်းကာလ အတွင်း နှစ်ကြိမ်မှ သုံးကြိမ် အထိ ပြုလုပ်ကြရသည်။
အချို့မှာ ကိုင်းခုတ် စက်ဖောင်များ၊ ကိုင်းခုတ်စက်များ အသုံးပြုကြသည်။ ၎င်းကို လယ်သမားများ အခေါ် ဗျောင်ခတ် သည်ဟု ခေါ်ဆိုကြသည်။
လက်ရှိကာလ မိုး ရွာသွန်းစ အချိန်တွင် ပေါက်ရောက်သော ပေါင်းများကို ပေါင်းသတ်ဆေးများဖြင့် ကြိုတင် ဖြန်းသတ်ထားချင် ကြသည်။ ထိုသို့ ပြုလုပ်ထားခြင်းဖြင့် မိုးတွင်းကာလ ဗျောင်ခတ်ခြင်း ပြုလုပ်ရန် မလိုအပ်တော့ပေ။

မိုးစပါး စိုက်ပျိုးရေးတွင် ပေါင်းကြမ်းသတ်ဆေးများ အသုံးပြုမှု
လယ်ကြီး မိုးစပါး စိုက်ပျိုးရာတွင် ယခင်က ပေါင်းကြမ်းသတ်ဆေးများ သုံးစွဲမှု အလွန်နည်းသလောက် မရှိခဲ့ပေ။
များသော အားဖြင့် ကန်းသင်းရိုးများပေါ်ရှိ ပေါင်းများကို ဖြန်းသတ်ရာတွင် ပိုမို အသုံးပြုကြသည်။ ယခုအခါတွင် မတ်ပဲခင်းများ နှုတ်သိမ်းအပြီး မိုးရွာသွန်းစ အချိန်တွင် လယ်ကွက်အတွင်း ပေါင်းမြက်များ ပေါက်စ အချိန်တွင် ပေါင်းကြမ်းသတ်ဆေးများ ဖြန်းပက်ရန် စီစဉ်နေကြသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် မြေပြင်ချိန်တွင် ပိုမိုသက်သာသလို၊ ပေါင်းမြက်များ ပေါက်ရောက်မှု သက်သာသည်ဟု ဆိုကြသည်။

ပေါင်းကြမ်း သတ်ဆေ ထုတ်ကုန်းများ နှင့် လုပ်ဆောင်ချက်များ
Glyphosate 48 SL
ထုတ်ကုန်များ များစွာ ရှိသော်လည်း ပါဝင်သော ဆေးစစ်၏အမည်မှာ ဂလိုဖိုစိတ် (glyphosate) ဖြစ်ပြီး ပျမ်းမျှ ပါဝင်မှုမှာ ၄၈% ဖြစ်သည်။ ပင်လုံးပြန့် အာနိသင်ရှိသည်။ ပေါင်းတစ်ကြိမ် သတ်ရုံဖြင့် နောက်တစ်ကြိမ် ပြန်ပေါက်နိုင်ရန် ခဲယဉ်းသည်။
အစိမ်းရောင်ရှိသော ပေါင်းပင်မှန်သမျှ သေစေနိုင်သော်လည်း ပိန်းပင်နှင့် ခနွယ်ပင်များကို သတ်နိုင်စွမ်း အလွန်နည်းပါးသည်။ (ပိန်းပင်နှင့် ခနွယ်ပင်များကို ဖြန်းသတ်ချင်ပါက ၂-၄ဒီ စပါးရွေးချယ်ပေါင်းသတ်ဆေးဖြင့် ရောနှောပက်ဖြန်းပါက အဆင်ပြေသည်။)
ဖျော်စပ်ပုံမှာ ရေ ၄ဂါလံတွင် ၂၅၀စီစီ ခန့် ဖျော်စပ် အသုံးပြုကြသည်။ အချို့တောင်သူများမှာ ပုလဲ ခေါ် ဓာတ်ဆား အနည်းငယ် ထပ်ထည့်၍ ပက်ဖျန်းကြသည်။
အသုံးပြုကြသော ထုတ်ကုန်ပေါ်မှုတည်၍ ပေါင်းသေရန် ကြာချိန်မှာ ကွဲပြားသည်။ ၅ရက် ၁၀ရက်မှ ၁လ အထိ ကြာရှည်မှ ပေါင်းသေတတ်သည်။ ထိရောက်သော ပင်လုံးပြန့် အာနိသင် စစ်စစ်သည် ပေါင်းသေရန် ပိုကြသည်ဟု ယူဆသည်များလည်းရှိသည်။
လက္ခဏာရပ်များမှာ ပေါင်းသတ်ဆေး ဖြန်းပြီး ၁ရက်၊ ၂ရက်တွင် အနည်းငယ် ပြန်စိမ်းလာတတ်ပြီး နှောင်းပိုင်းတွင် အနီရောင်ပြောင်းလာကာ တစ်ဖြည်းဖြည်း မီးလောင်ထားသလို ရိခြောက်သွားသည်။
ဆိုးကျိုးများမှာ မြေဆီလွှာ အနေအထား ပျက်ဆီးမှုများရှိသည်။ မြေဆီလွှာမှာ ဖွယ်/ ပွသွားပြီး စေးကပ်မှု ပျောက်ဆုံးသွားသည်။ ကန်သင်းများကို ဖြန်းမိလျှင် ရေထိမ်း နိုင်မှု မရှိတော့ပေ။
မြေပွ၊ မြေရွှမှုများ ဖြစ်စေသောကြောင့် အိမ်ဝန်း၊ ခြံဝန်းများအတွင်း သုံးစွဲမိပါက မိုးရွာလျှင် ဗွက်များ၊ မြေပျက်ခြင်းများ ဖြစ်စေသည်။
ပါဝင်မှုမှာ ဆားတစ်မျိုးသာ ဖြစ်သောကြောင့် နှောင်းပိုင်းတွင် အငန်ဓာတ် လွန်ကဲမှု ဖြစ်စေတတ်သည်။

ဈေးကွက် အခြေအနေ
ဈေးကွက် အတွင်း တရားဝင် မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးများနှင့် တရားမ၀င်သော ပေါင်းသတ်ဆေးများ ရောနှော ပျံ့နှံ့ လျှက်ရှိသည်။ ၂၀၁၃-၂၀၁၄ မတ်ပဲရာသီတွင် ပေါင်းသတ်ဆေး ရောင်းအား အလွန်မြင့်တက်ခဲ့ခြင်းကြောင့် စိုက်ပျိုးရေး ဆေးဆိုင်များ အနေဖြင့် မိုးစပါး မစိုက်ပျိုးမီ ပေါင်းသတ်ဆေး ၀ယ်လိုအား မြင့်တက်ရန် မျော်လင့်လျှက်ရှိကြသည်။
ဈေးကွက် အတွင်း ပေါင်းသတ်ဆေး ရောင်းလိုအား၊ ၀ယ်လိုအား နှစ်ရပ်လုံး မြင့်တက်လျှက်ရှိပြီး၊ ရောင်းချမှုပုံစံများလည်း ကွဲပြားသည်။ သို့သော် လက်ငင်းရောင်းချမှု ပိုမိုများပြားပြီး၊ အကြွေရောင်းချမှုမှာ ဈေးနှုန်း အလွန် မြင့်သဖြင့် လယ်သမားများ ကိုယ်တိုင် လက်ငင်းစနစ်ဖြင့် မိမိ စိတ်ကြိုက် ပေါင်းသတ်ဆေးကို ရွေးချယ် ၀ယ်ယူလိုကြသည်။
ဝယ်လိုအားမှာ မိမိတို့ သုံးစွဲဖူး၍ အသုံးတဲ့ခဲ့သော ပေါင်းသတ်ဆေးအပေါ်တွင်သာ အာရုံရှိကြသည်။

Sunday, March 16, 2014

မြေသြဇာ လိုအပ်ချက်များကို တွက်ချက်ခြင်း Fertilizer Removal By Crop (apk)

Fertilizer Removal By Crop
 
 မြေသြဇာ လိုအပ်ချက်တွေကို တွက်ချက်တဲ့ ဆော့ဖ်ဝဲလေးပါ။ ဆော့ဖ်ဝဲ လေး စဖွင့်တာနဲ့ အပေါ်က (တန်)နဲ့ တွက်မလား၊ အောက်က (ကီလိုဂရမ်)နဲ့ တွက်မလား ဆိုပြီး ပါပါတယ်။ ကျွန်တော်ကတော့ ကီလိုဂရမ် ကိုပဲ ရွေးချယ်ကြည့်ပါတယ်။ ကိုယ်သိချင်တဲ့ သီးနှံကို ရွေးလိုက်တဲ့အခါကျတော့ တွက်စက်လေး ပေါ်လာပါတယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ အထွက်နှုန်းကို ရိုက်ထည့် လိုက်တာနဲ့ နိုက်ထရိုဂျင်၊ အပါအ၀င် အနည်းလို အဟာရ ဓာတ်တွေရဲ့ လိုအပ်သော ပမာဏကို လည်း ဖော်ပြပေးသွားပါလိမ့်မယ်။ အသုံးဝင် မ၀င် ကတော့ သုံးစရှိလာရင် ဖြစ်သွားမှာပါ။ စမ်းသပ်ကြည့် သင့်ပါတယ်။
Google Play Store play.google.com တွင် အထက်ပါ အမည်ဖြင့် ရှာဖွေ ရယူနိုင်ပါသည်။
မှတ်ချက်။ ။
မြန်မာတောင်သူ လယ်သမားများအနေဖြင့် မိမိတို့ လယ်၊ ယာတွေထဲမှာ မြေသြဇာ ဘယ်လောက် ရှိတယ်၊ ဘယ်လောက် ထပ်ဖြည့်ပေးရမယ် ဆိုတာ မသိရှိကြဘူး။ ဒီလိုပဲ အခြေအနေ ကြည့်လုပ်နေရင်း သွားနေကြရပါတယ်။ အထွက်နှုန်း တိုးချင်ရင်တော့ သင့်လျှော်မှန်ကန်တဲ့ မြေသြဇာ ကျွေးနည်း လိုအပ်ပါတယ်။
 

မတ်ပဲ ရိတ်သိမ်း၊ ခြွေလှေ့ချိန်

မတ်ပဲ ရိတ်သိမ်း၊ ခြွေလှေ့ချိန်
ဓာတ်ပုံတွေ စုံလင်အောင် မရတော့ ရသမျှပုံလေးတွေ တင်ပေးလိုက်တာပါ။

တွန်းခုံဖြင့် ခြွေပြီးသား ပဲတွေကို စုပုံနေစဉ်

လေမှုတ်စက် တပ်ဆင်ထားပုံ





နွားလှည်း နောက်မှီးပေါ်မှာ လေမှုတ်စက်ကို တပ်ဆင်ထားသည်။ အချို့မှာ လယ်ယာ-၁၆ စက်ပေါ်တွင်ပင် အင်ဂျင်၌ ပန်ကာကို တပ်ဆင်သုံးကြသည်။
ဒီလို ၃ချောင်းထောက် လှေ့စင် တွေကို အသုံးပြုပြီး လှေ့ကြပါသည်။ အောက်က ပန်ကာဖြင့် လေမှုတ်ထားပြီး လှေ့ကြသည်။





အလုပ်သမား နည်းပါးလာမှု ကြောင့် ညီလေး၊ ညီမလေးတွေပါ ပျော်ပျော်ရွှင်ရွှင် ၀ိုင်းကူလုပ်ပေးကြရသည်။


အထက်ပါပုံအတိုင်း နှုတ်ပြီးသားပဲတွေကို တလင်းသို့ မပို့မီ ဒီအတိုင်း အပုံငယ်များ ပြုလုပ်ထားကြရသည်။
ပဲနှုတ်သိမ်းချိန် ပျော်စရာ မြင်ကွင်းလေးတွေပါ။

ပိုးသတ်ဆေးများ၏ အညွှန်းစာများကို အခြေခံအားဖြင့် သိရှိရမည့် အချက်များ

ပိုးသတ်ဆေးများ၏ အညွှန်းစာများကို အခြေခံအားဖြင့် သိရှိရမည့် အချက်များ
၁။ ယေဘုယျအမည် (Common Name)
၂။ ကုန်သွယ်မှု အမည် (Trade Name)
၃။ ဖော်စပ်ထုပ်လုပ်သူ အမည် (Name of Manufacturer on Formulation)
၎။ အဆိပ်ရှိ ပစ္စည်း အမျိုးအစား (Type of Active Ingredient)
၅။ အဆိပ်ပါဝင်မှု ပြင်းအား (Content of Active Ingredient)
၆။ အသားတင်ပါဝင်မှု (Net Content)
၇။ ထုပ်လုပ်သည့် ရက်စွဲ (Date Name)
၈။ ထုပ်လုပ်မှု အမှတ်စဉ် (Batch Name)
၉။ အန္တရာယ် အဆင့်အတန်းပြ အမှတ်အသား (Hazard Symbol)
၁၀။ သုံးစွဲရန် အညွှန်း (Use instruction of direction)
၁၁။ ဖြေဆေး (Antidote)
၁၂။ ရှေးဦးသူနာပြုစုနည်း (First Aid)
၁၃။ မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလ (pre-harvest interval)
၁၄။ ရုပ်ပြသင်္ကေတ (Picture grams)
၁၅။ အန္တရာယ် အဆင့်အတန်းပြ အရောင် အမှတ်အသား (Color code for hazard class)
၁၆။ ဖော်စပ်ပုံ အမျိုးအစား (Type of formulation)
၁၇။ ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်သတိပေးချက် (Precautionary Statement)
၁၈။ သုံးစွဲပြီး တစ်ဖန် ပြန်လည် သုံးစွဲရမည့် ကာလ (Reentry Statement)
၁၉။ မှတ်ပုံတင် အမှတ် (Registration Number)
၂၀။ သိုလှောင်ခြင်း၊ စွန့်ပစ်ခြင်း ဆိုင်ရာ လမ်းညွှန်ချက် (Guide line of storage and disposal)

ယခုဖော်ပြပါ အကြောင်းအရာများသည် ဆရာဦးထင်ကျော်ဦး (B.Agri.SC(Q))၊ ဒုဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မှတ်စုမှ မှတ်သားထားသော အချက်များ ဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံအပ်ပါသည်။
ပေးပို့သူ
ဦးခင်မောင်စိုး
(စိုက်ပျိုးရေး)

မတ်ပဲ ရာသီနှောင်းပိုင်း တွင် ကျရောက်သော Yellow Moasic Virus

မတ်ပဲ ရာသီနှောင်းပိုင်း တွင် ကျရောက်သော Yellow Moasic Virus
ဒီပို့စ် လေးကို တင်ချင်နေတာ ကြာပါပြီ။ ဒါပေမယ့် မအားမလပ် ဖြစ်နေတာနဲ့ပဲ မတင်ဖြစ်တာ ဖြစ်ပါတယ်။

၂၀၁၃-၂၀၁၄ ဧရာဝတီတိုင်း မတ်ပဲ စိုက်ပျိုးခြင်းတွင် စိုက်ပျိုးချိန် နောက်ကျသော စိုက်ခင်းများနှင့် စိုက်ချိန်စောသော်လည်း အပင်ကျ နောက်ကျသော အခင်းများတွင် ရွှေဝါရောင် မိုစိပ် ရောဂါ (Yellow Moasic Virus) ပြင်းထန်စွာ ကျရောက်ခဲ့ပါသည်။
စုပ်စားပိုးများမှ တစ်ဆင့် ပျံ့နှံ့ သော ၄င်းရောဂါ သည် မတ်ပဲ တစ်ရာသီလုံးတွင် နည်းပါးစွာသာ ကျရောက်ခဲ့ပါသည်။ မတွေ့ရတော့သလောက် ဖြစ်ခဲ့ပါသည်။ သို့သော် အချို့မတ်ပဲခင်းများ စတင် နှုတ်သိမ်းချိန်မှ စ၍ နောက်ကျခင်းများတွင် ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
မတ်ပဲတောင်သူများလည်း ပိုးသတ်ဆေး သုံးစွဲမှု ရပ်တန့်ချိန်ဖြင့် ကြုံကြိုက်ခဲ့သည်။ ထို့ကြောင့်လည်း နောက်ကျခင်းများမှာ အထွက်နှုန်း လွန်မင်းစွာ ကျဆင်းကြရသည်။
၎င်းရောဂါ ကျရောက်ပုံလက္ခဏာမှာ- ရောဂါ ကျရောက်ရာနေရာ၊ အရွက်များ၊ အညွန့်များမှာ အ၀ါရောင် အကွက်များ ဖြစ်ပေါ်လာသည်။ နောက်ပိုင်းထွက်လာသော အသီးတောင့်များလည်း အ၀ါရောင် သာဖြစ်ပြီး၊ အစေ့များ အောင်မြင်ခြင်း မရှိပေ။ မတ်ပဲခင်းအတွင်း တစ်ပင်စ၊ နှစ်ပင်စမှ စဖြစ်၍ နောက်ပိုင်း တစ်ခင်းလုံး ပျံ့နှံ့လာသည်။
ထင်သာမြင်သာ ရှိသော ရောဂါဖြစ်သော်လည်း ကုသနိုင်သော ဓာတုဆေး မရှိကြောင်းသိရသည်။
ကာကွယ်ရန်မှာ- စုပ်စားပိုးသတ်ဆေးများ သုံးစွဲ၍လည်းကောင်း၊ အဆိပ်ငွေ့ပါဝင်သော ပိုးသတ်ဆေးများ သုံးစွဲ၍ ကာကွယ်နိုင်သည်။
နီးကပ်နေသော စိုက်ခင်းများတွင် စတင် ကျရောက်နေသည်ကို တွေ့ကတည်းက ဂရုစိုက် ကာကွယ်ထားသင့်သည်။ ဖြစ်လာမှ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။




မှတ်ချက်။ ။ စုပ်စားပိုးများမှ တစ်ဆင့် ကူးစက်သော ရောဂါတစ်မျိုးဖြစ်သည်။ မတ်ပဲသီးနှံတွင်သာမက၊ သီးနှံမျိုးစုံတွင် ကျရောက်နိုင်သည်။ ကြိုတင်ကာကွယ်ပါ။

Wednesday, March 12, 2014

သီနှံ ရောဂါများအတွက် DPI Crop Disease (apk)

DPI Crop Disease

ပိုးမွှားဆိုင်ရာ Android ဖုန်း ဆော့ဖ်ဝဲ Bayer Pest Spotter (apk)

 စိုက်ပျိုးရေးဆိုင်ရာ Bayer ကုမ္ပဏီ မှ အောက်ပါ Android ဖုန်း ဆော့ဖ်ဝဲကို မေလ၂၄ရက်၊ ၂၀၁၃ တွင် ထုတ်လုပ်ခဲ့ပါသည်။
Bayer Pest Spotter
Bayer Pest Spotter

 အထက်ပါ ဆော့ဖ်ဝဲလေးကို လည်း စမ်းကြည့်နိုင်ပါတယ်။ ကျွန်တော်တော့ လုံးဝ မစမ်းရသေးပါဘူး။ ကွန် မကောင်းလို့ ဒေါင်းမရဖြစ်နေလို့ပါ။ 
For each pest, extensive further information explains:
- how to identify each pest
- the crop symptoms it causes
- the pest's life cycle
- it's importance
- the thresholds for treatment
Pests from the following crops are included in the app:
- Carrots
- Leeks
- Onions
- Cereals
- Field brassicas
- Oilseed rape
- Peas and beans
- Potatoes
- Sugar beet
ပိုးမွှားများနဲ့ ပတ်သတ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက် ပေးနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။
အဲဒီအပြင် Bayer Products၊ Bayer Weed Spotter ဆိုတဲ့ ဆော့ဖ်ဝဲလေးတွေကိုပါ ဆက်လက် စမ်းသပ်နိုင်ပါသည်။ ထုံးစံအတိုင်း Google Play Store တွင် ရှာဖွေ ရယူနိုင်ပါသည်။
 

မြန်မာစိုက်ပျိုးရေး ဘလော့ခ် အတွက် MMAgriBlog (apk) စမ်းသပ် ထုတ်လုပ်ထားပါသည်။

မြန်မာစိုက်ပျိုးရေး ဘလော့ခ် အတွက် android phone (apk) ထွက်ရှိထားပါသည်။


ကျွန်တော်တို့ ရေးသားနေသော http://mmagriblog.blogspot.com အတွက် Android ဖုန်းမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုနိုင်ရန် apk ဆော့ဖ်ဝဲ ရေးသားထွက်ရှိထားပါသည်။ download လုပ်လိုသူများအနေဖြင့် E-mail မှ တစ်ဆင့် မှာနိုင်ပါသည်။ Google Play Store တွင် တင်မထားနိုင်သေးသည့် အတွက် E-mail မှ တစ်ဆင့် ပေးပို့ပေးပါမည်။
Logo မှာ အခြားသော ဆိုဒ် တစ်ခုမှ ခေတ္တ ရယူထားခြင်းဖြစ်ပါသည်။
Logo အသစ်ကို ၄လပိုင်းအတွင်း အဆင့်မြှင့် ပြုပြင်ဦးမှာဖြစ်ပါတယ်။ သေချာ အချောသတ်ပြီးစီးပါက Play Store မှတစ်ဆင့် လွယ်ကူစွာ ရယူနိုင်ကြမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဆော့ဖ်ဝဲ နှင့် ပတ်သတ်၍ လိုအပ်ချက်ရှိသည်များ၊ ဆောင်းပါးများ၊ သတင်းများ ပေးပို့ နိုင်ပါသည်။

မှတ်ချက်။ ။
Blog အတွင်း ကိုယ်ပိုင် ၀င်ရောက်ရေးသားချင်သူများကို Member Account ပြုလုပ်ပေးပါမည်။
ssulphur@gmail.com

ပြောင်း စိုက်ပျိုးသူများအတွက် Corn Spacing Calculator (apk)

ပြောင်း စိုက်ပျိုးသူများ အတွက် ပင်ကြား၊ တန်းကြား တွက်ချက်တဲ့ ဆော့ဖ်ဝဲ လေးပါ။ ပေါ့ပါးပြီး သုံးရတာလွယ်ကူပါတယ်။ ဒါပေမယ့် ကုန်ကျငွေ ခန့်မှန်း တွက်ချက်ရာမှာတော့ ဒေါ်လာနဲ့ ဖြစ်နေပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလေးပါ။

Corn Spacing Calculator

 စမ်းသပ် သုံးစွဲကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ Download ရယူချင်တယ် ဆိုရင်တော့ Google Play store ရဲ့ Search Box မှာ Corn Spacing Calculator ဆိုပြီး ရိုက်ထည့် ရှာဖွေ ရယူနိုင်ပါတယ်။

မှတ်ချက်။ ။
စမ်းသပ် သုံးစွဲသင့်ပါတယ်။ ပြောင်းစိုက်ပျိုးရာတွင် ပင်ကြား၊ တန်းကြားများ အရမ်း နည်းနေလျှင် အထွက်နှုန်း တိုးမလာနိုင်တဲ့အပြင်၊ မလိုလားအပ်သော အခြား၊ ရောဂါ၊ ပိုးမွှားများကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါသည်။


နှံစားသီးနှံရောဂါများ အတွက် BASF Disease ID (apk)

စိုက်ပျိုးရေး သမားများအတွက် Android ဆော့ဖ်ဝဲ (apk)တွေ ရှိမလား ဆိုပြီး Google Play Store မှာ ရှာကြည့် ဖြစ်ပါတယ်။ အများကြီးပါပဲ၊ ကိုယ်တိုင် စမ်းသပ်ကြည့် ပြီးတော့မှ ရှာတွေ့သမျှလေးတွေ တစ်ခုချင်း တင်ပေးသွားပါမည်။ အခုပဲ BASF အကြောင်း သွားရအောင်။ ။


စတင်ထွက်ရှိခဲ့တာကတော့ ၂၀၁၂၊ နိုဝင်ဘာ ၁ရက်နေ့ ကတည်းက ဖြစ်ပါသည်။
BASF (Cereal Diseases App) လို့ အမည်ပေးထားတဲ့ နှံစားသီးနှံပင်များတွင် ကျရောက်လေ့ရှိသော ရောဂါများနှင့် ပတ်သတ်ပြီး စုံလင်အောင် စုစည်းထားတဲ့ ဆော့ဖ်ဝဲ လေးပါ။
Features of the Disease ID App include:
# Gallery of photographs
# Details of the host or crop
# Typical symptoms
# Disease life cycle
# Importance of the disease.
သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့
၁။ ဓာတ်ပုံ ဖိုင်အဖြစ်အသုံးပြုထားခြင်း
၂။ လက်ခံပင်နှင့် သီးနှံပင်များ၏ အချက်အလက်များ
၃။ ရောဂါ ကျရောက်ပုံ လက္ခဏာများ
၎။ ရောဂါ ဖြစ်တည်ပုံ၊ ရောဂါ သံသရာ လည်ပတ်ပုံများ
၅။ အပင်ရောဂါများ အရေးပါပုံကို ဖော်ပြခြင်းတို့ ပါဝင်ပါသည်။

အသုံးပြုနည်း လမ်းညွှန်လည်း အင်္ဂလိပ်လို ပါဝင်ပါသည်။ အသုံးပြုရတာ အရမ်း လွယ်ကူပါသည်။ ပုံနှင့် တစ်ကွ ပြပေးထားတဲ့အတွက် ဝေခွဲရခက်သည်များကို ဖြေရှင်းနိုင်ပါလိမ့်မည်။

ရောဂါ အမည်ကိုရွေးချယ်ခြင်း၊ ရောဂါ ဖြစ်ကြောင်း အမည်ကို ရွေးချယ်ခြင်း နည်းလမ်း ၂ခုဖြင့် ကြည့်ရှုနိုင်ပါသည်။ နှံစားသီးနှံ ရောဂါများ၏ အမည်များကိုတော့ အင်္ဂလိပ် အမည်များ သိထားလျှင် ပို၍ ရှာဖွေ ကြည့်ရှုရ လွယ်ကူပါသည်။
စိုက်ပျိုးရေးသမားတိုင်း ဆောင်ထားသင့်သည့် ဆော့ဖ်ဝဲလေး ဖြစ်ပါသည်။
Download ပြုလုပ်ချင်သူများ အနေဖြင့် Google Play Store ရှိ၊ Search Box တွင်  BASF Disease ID ဆိုပြီး ရှာဖွေ ရယူနိုင်ကြပါသည်။

မှတ်ချက်။ ။
နားလည်ရခက်သော အပင်ရောဂါ လက္ခဏာများကို လေ့လာပိုင်းခြားပါ။ အကျိုးရှိစွာ အသုံးချပါ။

Tuesday, March 11, 2014

ဖိလစ်ပိုင် လယ်သမားများအတွက် Rice Crop Manager ထွက်ရှိ

ဖိလစ်ပိုင် လယ်သမားများအတွက် Rice Crop Manager ထွက်ရှိ


ဖိလစ်ပိုင် အခြေစိုက် အပြည်ပြည်ဆိုင်ရာ စပါးသုတေသန ဌာနနှင့် ဖိလစ်ပိုင် စိုက်ပျိုးရေး ၀န်ကြီးဌာနတို့ ပူးပေါင်း၍ စပါးသီးနှံ မန်နေဂျာ (Rice Crop Manager) အမည်ရှိ ဆော့ဖ်ဝဲကို ဖုန်း၊ ကွန်ပြူတာ စသော အင်တာနက် သုံးစွဲနိုင်သော နည်းပညာပစ္စည်းများနှင့် တွဲဖက် အသုံးပြုနိုင်ရန် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
၎င်း ဆော့ဖ်ဝဲကို အသုံးပြု၍ စပါး စိုက်ပျိုးခြင်းတွင် လိုအပ်သော ဓာတ်မြေသြဇာ၊ ပိုးမွှား၊ ရောဂါများ၊ ပေါင်းများ၊ ရေလိုအပ်ချက်များ၊ ယမန်နှစ် အထွက်နှုန်း စသည်တို့နှင့် ပတ်သတ်၍ တိကျသော ညွှန်ကြားချက်များ ပေးနိုင်မည်ဟု ဖော်ပြပါရှိပါသည်။
၎င်း ဆော့ဖ်ဝဲကို www.webapps.irri.org/ph/rcm တွင် ရယူနိုင်ကြောင်းလည်း သိရသည်။ ထို့ပြင် google playstroe တွင်လည်း RCM PH အမည် ဖြင့်လည်း ရယူနိုင်ကြောင်း သိရသည်။ ဖိုင် အရွယ်အစားမှာ ၁၉.၉၄ ကီလိုဘိုက် သာရှိပါသည်။
ဖိလစ်ပိုင်တွင် အောင်မြင်နေသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာတစ်ခုဖြစ်သလို၊ အပြည်ပြည်ဆိုင်ရာ စပါးသုတေသန ဌာန များစွာတို့တွင်လည်း သုတေသန ပြုလုပ်ရန် လွယ်ကူစေကြောင်း သိရသည်။

မှတ်ချက်။ ။
မြန်မာနိုင်ငံတွင်လည်း တောင်သူများအနေဖြင့် သတင်း၊ အချက်အလက်နှင့် နည်းပညာများကို စိုက်ပျိုး၊ မွေးမြူရေး နယ်ပယ်များတွင် အသုံးပြုရန် လိုအပ်လာပါသည်။
လတ်တစ်လော အနေဖြင့် တောင်သူများ အနေဖြင့် မိမိတို့ ကိုင်ဆောင်နိုင်သော ဖုန်းများရှိ ကင်မရာဖြင့် မိမိတို့ သီးနှံမှတ်တမ်းများ ပြုလုပ်ထားသင့်ပါသည်။ နီးစပ်ရာ နားလည် တတ်ကျွမ်းသူများနှင့် တွေ့ဆုံ ညှိနှိုင်းသင့်ပါသည်။

စပါးဖျက်ပိုးများ (အိန္ဒိယနိုင်ငံမှ ရေးသားဖော်ပြထားသော စာတမ်း)

စပါးဖျက်ပိုးများ (အိန္ဒိယနိုင်ငံမှ ရေးသားဖော်ပြထားသော စာတမ်း)

ဓာတ်ပုံ များစွာတင်ပေးရန် အခက်အခဲရှိပါသဖြင့် ပိုးလောင်မီး ပုံကိုရှာဖွေတင်ပေးလိုက်ပါသည်။


စပါးမြစ်ကို စုပ်သော ပျများ (Rice root aphids) (note- 16)
မြေဆီလွှာ မျက်နှာပြင်အောက် စပါးပင်၏ အမြစ်များတွင် ပျ အကောင်ငယ်များနှင့် အကောင်ကြီးများသည် အုပ်စုလိုက် ကပ်၍ သစ်ရည်ကို စုပ်စားကြသည်။ ပျ များစွာ ကျရောက်ခံရသော စပါးပင်သည် အရောင်ဖျော့တော့သွားခြင်း၊ စပါးရွက်သား ပါးခြင်းများ ဖြစ်တတ်သည်။
ကာကွယ်ကုသရန်မှာ- မြေတွင်းအောင်း ပိုးသတ်ဆေးများဖြစ်သော ကာဘိုဖျူရန် ၃ဂျီ၊ ၅ဂျီ စသည်တို့ကို တစ်ဧကလျှင် ၃-၄ ကီလိုဂရမ် ခန့် အသုံးပြု ကြဲပက်နိုင်သည်။

စပါးမြစ်တွင် ကျရောက်သော ကျိုင်း (Paddy root Weevil) (note- 19)
သေးငယ်သော၊ အညိုရောင်ရှိသော ကျိုင်းကောင်ငယ်သည် စပါးမြစ်များအတွင် နေထိုင်ဖျက်ဆီးသည်။ စပါးစိုက်ခင်း အတွင်း အကွက်လိုက် ၀ါဖျော့ဖျော့ ဖြစ်နေသော နေရာရှိ စပါးပင်များကို အမြစ်မှ ပါအောင် နှုတ်ယူကြည့်ရှုသင့်သည်။ အမြစ်များအတွင်း ကျိုင်းကောင်ငယ်များကို တွေ့ရတတ်သည်။ စပါးပင်၏ ပင်းပွားထွက်ချိန်တွင် အဓိက ကျရောက်သည်။
ကာကွယ်နှိမ်နင်းရန်မှာ- စိုက်ခင်းအတွက် မြေပြင်ချိန်ကတည်းက မြေတွင်းအောင်း ပိုးသတ်ဆေးများ ထည့်သွင်းထားသင့်သည်။ ကျရောက်မှသာ အသုံးပြုလိုပါက မြေတွင်းအောင်း ပိုးသတ်ဆေးခဲများကို ပုလဲ၊ ကွန်ပေါင်း ဓာတ်မြေသြဇာများနှင့် ရောနှော ကြဲပက်နိုင်သည်။

စပါး ရွက်လိပ်အိမ်ပိုး (Paddy Caseworm) (note 6)
အဖြူရောင် ဖလံပိုး၏ တောင်ပံပေါ်တွင် အ၀ါရောင်နှင့် အနက်ရောင် အစက်များပါရှိသည်။ အစိမ်းရောင်ရှိသော ဥမှပေါက်စ အကောင်ငယ်သည် စပါးရွက်များကို ဖြတ်တောက်သည်။ ပြီးနောက် စပါးရွက်ပြတ်ကလေးများကို ပြွန်သဖွယ် လုံးစေပြီး၊ အိမ်သဘော ပြုလုပ်၍နေသည်။ ၎င်းအတွင်း၌ နေ၍ အစိမ်းရောင် အသားများကို ခြစ်စားသည်။ စပါးရွက်လိပ်များ ရေပေါ်တွင် ပေါ်နေသည်ကို ကြည့်ခြင်းဖြင့် စပါးရွက်လိပ်အိမ်ပိုး ကျမကျ သိရှိနိုင်သည်။ ဇူလိုင်လနှင့် သြဂုတ်လ များတွင် အများဆုံး ကျရောက်လေ့ရှိသည်။
ကာကွယ်နှိမ်နင်းရန်မှာ- အင်ဒိုဆာဖန်၊ ကလိုပိုင်ရီဖော့ စသော ပိုးသတ်ဆေးများကို ရေ ၄ဂါလံတွင်၊ ၄၀-၆၀ စီစီ ထည့်၍ ဖြန်းပက်နိုင်သည်။ စတင် ကျရောက်ချိန်ကို သိရှိ၍ မြန်မြန်နှိမ်နင်းနိုင်လျှင် ပိုမိုကောင်းမွန်သည်။

စပါး ဆစ်ပိုး (Rice Tissue-borers) (note- 1)
ဥမှ ပေါက်စ အကောင်ငယ်သည် စပါးပင်၏ ပင်စည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး၊ ရုပ်ဖုံးပြုလုပ်သည်။ စပါးပင်၏ အလယ်ကျဆုံး အရွက်သည် အ၀ါရောင်ဖြစ်သွားပြီး၊ စပါးနှံ ထွက်မလာနိုင်တော့ချေ။ စပါးနှံထွက်လာလျှင်လည်း အဖြူရောင်ဖြစ်ပြီး၊ အစေ့အဆန်မတည်သော အဖျင်းသာထွက်သည်။ ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများမှ လွဲ၍ တစ်နှစ်ပတ်လုံး ကျရောက်နိုင်သည်။
ကာကွယ်နှိမ်နင်းရန်မှာ- စပါးရိတ်သိမ်းပြီးနောက် ချက်ချင်း ထွန်ယက်ပါ။ ရိုးပြတ်များ၊ ကောက်ရိုးများကို ဖျက်ဆီးပစ်ပါ။ သေးငယ်သော စိုက်ကွက်များနှင့် ပျိုးခင်းများတွင် ဥများတွေ့ရှိပါက စုဆောင်း ဖယ်ရှားပစ်နိုင်ပါသည်။ စပါးပြောင်းရွှေ့ စိုက်ပြီး ၂ပတ်သားခန့်တွင် ထိသေ၊ စားသေ၊ အစာအိမ်အဆိပ်၊ အဆိပ်ငွေ့ စသည်တို့ပါဝင်သော ပိုးသတ်ဆေးများကို ဖြန်းနိုင်သည်။ မြေတွင်းအောင်း ပိုးသတ်ဆေးကိုလည်း ဓာတ်မြေသြဇာနှင့် ရောနှော၍ ကြဲပက်နိုင်သော်လည်း အောက်ခြေ ရေခံ နည်းရန် လိုအပ်သည်။



ပိုးလောင်မီး အရွယ်ရောက် အကောင်

ကျရောက် ဖျက်ဆီးပုံ


ဥမှ ပေါက်ကာစ ပိုးလောင်မီး

အရွက်ပေါ်ရှိ ကျရောက်ပုံ လက္ခဏာ
စပါး ပိုးလောင်မီး (Rice Hispa) (note- 4)
စပါး ပိုးလောင်မီး ဆိုသည်မှာ သေးငယ်သော၊ အပြာရောင်ကျော ရှိသော ကျိုင်းကောင်ငယ် ဖြစ်သည်။ ဆူးချွန်များဖြင့် ဖုံးလွှမ်းထားသည်။ စပါးရွက်ပေါ်တွင် အဖြူရောင် အလျှားလိုက် အစင်းများဖြစ်စေသည်။ အရွယ်ရောက် အကောင်ကြီးသည် စပါးရွက်ကို ခြစ်စားသည်။ စပါး ပိုးလောင်မီး ကျရောက်ခံရသော စပါးပင်သည် အဖြူရောင် ဖြစ်သွားပြီး၊ ပြင်ထန်လာပါက မီးလောင်ထားသလို စပါးပင်မှာ ခြောက်သွေ့သွားသည်။
ကာကွယ်နှိမ်နင်းရန်မှာ- စိုက်ကွက်ဖြစ်လျှင် ကြဲကြဲစိုက်သင့်သည်။ ပြောင်းရွှေ့စိုက်ပျိုးချိန်တွင် အရွက်ထိပ်ဖျားများ ဖြတ်တောက်ပေးရမည်။ မြေတွင်းအောင်း ပိုးသတ်ဆေးကို ကြဲပက်ပေးနိုင်သည်။

စပါး ရွက်ဖြတ် အပြာရောင်ကျိုင်း (Blue leaf beetle) (note- 5)
စပါး ပိုးလောင်မီးနှင့် ဆက်စပ်တွေ့ရတတ်သည်။ နှိမ်နင်းရန်မှာ စပါး ပိုးလောင်မီး နှိမ်နင်းပုံနှင့် အတူတူပင် ဖြစ်သည်။

စပါး ရွက်ဖြတ်ပိုး (Rice Swarming Caterpillar) (note- 7)
၎င်းပိုး ပြင်းထန်စွာ ကျရောက်ပါက ဆုံးရှုံးမှုများတတ်သည်။ အထူးသဖြင့် အေးသောရာသီဥတုတွင် ရုတ်တရက် ကျရောက် ဖျက်ဆီးတတ်သည်။ ရေသွင်း၊ ရေထုတ်မလုပ်ဘဲ ရက်ပေါင်း ၃၀-၄၀ ခန့် ထားရှိခြင်း၊ မိုးပြင်းထန်စွာ ရွာသွန်းခြင်း တို့ကြောင့်လည်း ပြင်းထန်စွာ ကျရောက်တတ်သည်။ ပုံမှန်အားဖြင့် ဇူလိုင်လနှင့် သြဂုတ်လ များတွင် ကျရောက်တတ်သည်။
ကာကွယ်နှိမ်နင်းရန်မှာ- စပါးခင်းအတွင် ရေများနေခြင်းကို ဖောက်ထုတ်လျှော့ချရန် လိုအပ်သည်။ ရေလျှော့ရန် မဖြစ်နိုင်ပါက အင်ဒိုဆာဖန်၊ ကလိုပိုင်ရီဖော့စ် စသော ပိုးသတ်ဆေးများကို ပက်ဖြန်းခြင်း ပြုနိုင်သည်။

ငမြောင်တောင် (Armyworms) (note- 8)
ဥမှပေါက်ကာစ အဆင့်ဖြစ်သော ပိုးကောင်များသည် တစ်ခင်းမှ တစ်ခင်းသို့ အုပ်စုလိုက် ပြောင်းရွှေ့ စားသောက်တတ်ပြီး၊ စပါးပင်ရှိ အရွက်များ၊ ပင်ပိုင်းဆိုင်ရာများကို ကိုက်ဖြတ်စားသောက်သည်။ မိုးပြင်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်းများကြောင့် ဖြစ်တတ်သည်။
ကာကွယ်နှိမ်နင်းရန်မှာ- အလင်းရောင် ထောင်ချောက်များသုံးစွဲခြင်း၊ ထယ်ရေး၊ ထွန်ရေးဝင်ချိန်တွင် နှံ့စပ်အောင်ပြုခြင်း၊ မြေတွင်းအောင်း ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ ပြင်းထန်စွာ ကျရောက်ချိန်တွင် ပိုးသတ်ဆေး ဖြန်းခြင်းများ ပြုလုပ်နိုင်သည်။ စတင် ကျရောက်ချိန်နှင့် ပတ်ဝန်းကျင် အခင်းများတွင် ၎င်းပိုးများ ကျရောက်နေချိန် တို့တွင် ကြိုတင်ပြင်ဆင်ထားသင့်ပြီး၊ ကာကွယ်နှိမ်နင်းမှု စောနိုင်လေ လွယ်ကူလေဖြစ်သည်။

စပါးရွက်လိပ်ပိုး (Paddy Leaf-roller) (note 17)
စပါးရွက် ထိပ်ဖျားကို လိပ်စေပြီး၊ အတွင်းတွင် ၀င်ရောက် စားသောက်သည်။ စပါး ရွက်ဖျားများကို ကြည့်၍ သတ်မှတ်နိုင်သည်။
ကာကွယ်နှိမ်နင်းရန်မှာ- စပါးရွက် ထိပ်ဖျားများကို ဖြတ်၍ ဖျက်ဆီးပစ်နိုင်သည်။

မှတ်ချက်များ
-အိန္ဒိယ နိုင်ငံမှ ရေးသားတင်ပြထားသော (Insects Pests of Crops) စာတမ်းမှ သင့်ရာများကို ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။ ကျန်ရှိသော (note- ) များကိုလည်း အလျင်းသင့်သလို ဆက်လက် ဖော်ပြပေးသွားပါမည်။
-စပါးခင်းအတွင်း ပိုးသတ်ဆေးဖြန်းသောအခါ စေးကပ်ကော် အဖြစ် ထမင်းချက်ရာမှ ရသော ထမင်းရည် အေးအေးကို ဆေးဖြန်းပုံး တစ်ပုံးလျှင် နို့ဆီဗူး တစ်လုံးခန့် ရောစပ် သုံးစွဲနိုင်ပါသည်။
-မိမိတို့ စိုက်ခင်း၊ ကြဲခင်းများတွင် ကျရောက်သော ပိုးမွှား၊ ရောဂါ ပုံများကို ဓာတ်ပုံရိုက်ယူ၍ဖြစ်စေ၊ နှုတ်ယူသယ်ဆောင်၍ ဖြစ်စေ၊ ကျွမ်းကျင်သူများထံ ပြသ အကြံဥာဏ်ရယူကြပါ။

ရေးသားသူ
လိပ်နင်ဂျာ (ခေတ္တ- ဓနုဖြူ) ၁၁၊ ၃၊ ၂၀၁၄။

Sunday, March 9, 2014

အသက် အန္တရာယ်ရှိ ဓာတုပိုးသတ်ဆေးများ စိုက်ပျိုးရေး ဈေးကွက်အတွင်း ပျံ့နှံ့နေ


အသက် အန္တရာယ်ရှိ ဓာတုပိုးသတ်ဆေးများ စိုက်ပျိုးရေး ဈေးကွက်အတွင်း ပျံ့နှံ့နေ
http://burma.irrawaddy.org မှ တစ်ဆင့်ယူ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။ ဧပြီလ၊ ၂ ရက်၊ ၂၀၁၃ ဖော်ပြမှုကို မဖတ်ရသေးသော တောင်သူဦးကြီးများအတွက် ပြန်လည်ကူးယူ မျှဝေလိုက်ရပါသည်။ အခြား မည်သည့် ရည်ရွယ်ချက်မျှ မပါဝင်ပါ။
http://burma.irrawaddy.org ၀က်ဆိုဒ် သို့လည်း ၀င်းရောက်ကြည့်ရှုနိုင်ပါသည်။

ဓာတ်ပုံ- ဂျေဝိုင်၊ ဧရာဝတီ



နိုင်ငံတကာတွင် တားမြစ်ပိတ်ပင်ထားသော အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ဓာတုပိုးသတ်ဆေး အမျိုးပေါင်း ၃၀ ကျော်ခန့် နိုင်ငံတွင်း၌ တရားမ၀င် ပျံ့နှံ့နေကြောင်း မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသတိုးဟိန်း ထံမှသိရသည်။

တရားမ၀င် ပိုးသတ်ဆေးများနှင့် ပတ်သတ်၍ တောင်သူလယ်သမား အသင်းမှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ အတွင်းတွင် ဈေးကွက်အတွင်းရှိ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း မတ် ၃၀ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်း၌ ကျင်းပပြုလုပ်ခဲ့သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သိရသည်။

“တချို့တောင်သူတွေက တရားမ၀င် ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်ကို သိပေမယ့် ဈေးသက်သာလို့ သုံးတာတွေရှိပါတယ်။ တောင်သူတွေဘက်မှာ အသိ ဗဟုသုတတိုးဖို့လည်း လုပ်ဆောင်ပေးဖို့လိုတယ်” ဟု ဦးသတိုးဟိန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ပိုးသတ်ဆေး အမျိုးပေါင်း တရာကျော် တင်သွင်းရောင်းချလျှက် ရှိကြောင်းသိရပြီး ထိုကိစ္စနှင့် ပတ်သက်၍ စစ်ဆေးအရေးယူရာ၌ အားနည်းနေမှုများရှိကြောင်း တောင်သူလယ်သမား အသင်းမှ ဒေါက်တာစိုးထွန်းက ပြောသည်။

“စိုက်ပျိုးရေးကပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီတွေပဲ ဖြစ်ဖြစ် စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး ပညာပေးကြတယ် ဆိုပေမယ့် မြို့ပေါ်ပိုင်းနဲ့နီးတဲ့ ကျေးရွာတွေ လောက်ကိုပဲ ပညာပေးနိုင်တယ်။ ထဲထဲဝင်ဝင် မပေးနိုင်သေးဘူး။ ဒီတော့ အသိပညာ ဗဟုသုတပိုင်း အားနည်းတယ်။ ဒီမှာ ထဲထဲဝင်ဝင် လုပ်ပေးနိုင်ဖို့လိုပါတယ်” ဟု ဓနုဖြူမြို့နယ်မှ တောင်သူ ဦးသိန်းမောင်က ပြောသည်။

လက်ရှိတွင် တရားဝင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးအရေအတွက်မှာ အမျိုးပေါင်း ၂၀၀ ခန့်သာရှိကြောင်း၊ တရားမ၀င် ပိုးသတ်ဆေးများကို ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် ပိုးသတ်ဆေးဝါးဥပဒေနှင့် ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အပင်ပိုးမွှား ကာကွယ်ရေးဥပဒေများအရ အရေးယူနိုင်ကြောင်း မြန်မာ့ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့နှင့် မြေသြဇာ ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။

“မြေသြဇာပိုင်းမှာ အရည်အသွေးနိမ့်တာကို ရောင်းလိုက်ရင် သီးနှံအထွက်နှုန်း လျော့တာပဲရှိမယ်။ ကျန်းမာရေး အတွက်လည်း မထိခိုက်ဘူး၊ စားသုံးသူ မထိခိုက်ဘူး။ ဒါကြောင့်မြေသြဇာဥပဒေမှာ ရဲ အရေးပိုင်တဲ့ ဥပဒေမဟုတ်ဘဲ တရားမကြောင်းအရ ဥပဒေအနေနဲ့ ထားတာပါ။ ပိုးသတ်ဆေးကျတော့ မတူဘူး။ တရားမ၀င် တားမြစ်ထားတဲ့ ပိုးသတ်ဆေးတွေ ရောင်းမယ်ဆိုရင် လူ့အသက်ကိုပါ ထိခိုက်စေတယ်။ သုံးစွဲသူကိုကော၊ သုံးစွဲထားတဲ့ သီးနှံကို စားမိသူကိုကော အသက်အန္တရာယ် ထိခိုက် စေပါတယ်။ ဒါကြောင့် ရဲအရေးပိုင် အနေနဲ့ သတ်မှတ်ပြီး ထောင်ဒဏ်ကော၊ ငွေဒဏ်ကော သတ်မှတ်ပြီး အရေးယူပါတယ်” ဟု မြန်မာ့လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရဲတင့်ထွန်းက ပြောသည်။

လက်ရှိ ဆောင်ရွက်နေသည့် တည်ဆဲဥပဒေများမှာ နိုင်ငံတကာအဆင့်မီ ဥပဒေများဖြစ်ကြောင်း၊ သို့ရာတွင် တောင်သူ လယ်သမားကို ယခုထက် ပိုမိုသော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်မည့် ဥပဒေများ လိုအပ်နေသေးကြောင်း တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ရှင်းပြသည်။

နိုင်ငံတကာမှ ပိုးသတ်ဆေးများ တရားဝင်မှတ်ပုံတင်ပြီး တင်သွင်းပါက ပိုးသတ်ဆေးများတွင် ပါဝင်သောပစ္စည်း၊ သုံးစွဲရမည့် ပမာဏ၊ သုံးစွဲရမည့် အသေးစိတ် ညွှန်ကြားချက်၊ အရေးပေါ် သတိပေးကြေညာချက်၊ အဆိပ်သင့်ပါက အရေးပေါ်ကုထုံး စသည့် အချက်များကို မြန်မာဘာသာဖြင့် ပြန်ဆိုပြီးမှသာ ထုတ်ခွင့်ရှိကြောင်း၊ ထိုအချက်များဖေါ်ပြမထားပါက ၎င်းမှာ တရားမ၀င်သည့် အမှတ်တံဆိပ်ဖြစ်ကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့နှင့် မြေသြဇာဌာနမှ ညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။

“၀င်လာတဲ့ဆေးတွေက နယ်စပ်ကနေ၀င်တာ၊ တရုတ်ဘက်ကကော၊ ထိုင်းဘက်ကကော ၀င်လာတယ်။ အဓိကကတော့ အိမ်နီးချင်းနိုင်ငံတွေက ၀င်နေတာတွေပါ” ဟု မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသတိုးဟိန်းက ပြောသည်။

အဆိုပါ တရားမ၀င် ပိုးသတ်ဆေးအန္တရာယ်နှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းနှင့် မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ၈ မျိုးနှင့် မြေသြဇာ ၁၅ မျိုးကို အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဦးသတိုးဟိန်းထံမှသိရသည်။

“ဓာတ်ခွဲခန်းက လက်ရှိမြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး စစ်လို့ရတာဆိုရင် ပုဂ္ဂလိကဆို မြန်မာ့သြဘာက ဓာတ်ခွဲခန်းရှိတယ်၊ မြန်မာ့စိုက် ပျိုးရေးမှာ ဓာတ်ခွဲခန်းတခုရှိတယ်။ သိပ္ပံနဲ့ နည်းပညာဌာနမှာ တခုရှိတယ်။ ဒီစစ်ဆေးတာတွေ ကိုတော့ မြန်မာ့သြဘာနဲ့ စိုက်ပျိုးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ပါတယ်။ စစ်တဲ့နမူနာတွေကို ပုံစံပြောင်းပြီး မသမာမူတွေ မရှိအောင် ကုတ်နံပါတ်တွေတပ် စစ်ခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံဘက်က ဓာတ်ခွဲခန်းကို ပို့နိုင်ဖို့စီစဉ်နေတယ်” ဟု တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ အော်ဂင်းနစ်အဖွဲ့ကလည်း ဟင်းသီးဟင်းရွက်များတွင် ဓာတုဗေဒ ဆေးဝါးသုံးစွဲမှု များပြား နေသည့်အတွက် အစိုးရ အနေဖြင့် စိုက်ပျိုးသူများကို ပညာပေးသင့်ကြောင်း၊ ဟင်းသီးဟင်းရွက် များကို ဓာတု ပိုးသတ်ဆေး ဖျန်းပြီး အနည်းဆုံး ၁၅ ရက်ကြာပြီးမှသာ ခူးဆွတ်၍ ဈေးကွက်တွင် ရောင်းချသင့်ကြောင်း၊ စားသုံးသူ များကလည်း ဟင်းရွက်များကို ရေမဆေးဘဲ အစိမ်းစားခြင်း မလုပ်သင့်ဘဲ ရေဖြင့် သေချာစွာဆေးကြော၍ ကျက်သည်အထိ ချက်ပြုတ် စားသောက်သင့်ကြောင်း အကြံပြုပြောကြား ထားခဲ့သည်။

ပြည်တွင်းတွင်၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်အထိ ဓာတ်မြေသြဇာ ၁၁၂၈ မျိုး နှင့် ပိုးသတ်ဆေး ၂၀၀ ကျော် တရားဝင် မှတ်ပုံတင် ဖြန့်ဖြူးခွင့်ပေးထားကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။

http://burma.irrawaddy.org  မှ တစ်ဆင့်ယူ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

Friday, March 7, 2014

မုရင်းစပါး စိုက်ပျိုးမှုများတွင် ရောဂါ ကျရောက်မှုများ ပြင်းထန်လျှက်ရှိ

မတ် ၂၊ ၂၀၁၄
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် နှင့် ကျုံပျော်မြို့နယ်များရှိ မုရင်းစပါး စိုက်ခင်းများတွင် စပါးရွက်ခြောက် ရောဂါနှင့် စပါး ဂုတ်ကျိုးရောဂါများ များစွာ ကျရောက်နေသဖြင့် လယ်သမားများ အခက်ကြုံလျှက်ရှိနေသည်။ ရောဂါ နှစ်မျိုးလုံး တစ်ပြိုင်တည်း ကျရောက်ခြင်း ကိုများစွာတွေ့ရသည်။ အခြားသော စပါးဖျက်ပိုး များစွာလည်း ကျရောက်သော်လည်း လယ်သမားများမှာ ပိုးမွှားများနှင့် ပတ်သတ်သော အတွေ့အကြုံများစွာ ရှိပြီးဖြစ်ကြသည်။ ရောဂါ ကျရောက်မှုများတွင်မူ ဂရုမပြုမိကြချေ။ စပါးပင် အရောင်ပြောင်းသည်နှင့် ယူရီယား ဓာတ်မြေသြဇာ ကိုသာ ကျွေးတတ်ကြလေသည်။

စပါးရွက်ခြောက် ရောဂါမှာ ဘက်တီးရီးယား ကြောင့်ဖြစ်ပြီး၊ ခံနိုင်ရည် မရှိသော စပါးမျိုးများတွင် အဖြစ်များသည်။ ကျရောက်ပုံမှာ- ပျိုးခင်းမှ အနှံထွက်ချိန်အထိ ကျရောက်နိုင်သည်။ စပါး အရွက်ဖျားနှင့် အနားစွန်းများတွင် ရေစိုနာကွက်များ စတင်ဖြစ်ပေါ်ရာမှ အ၀ါရောင် ဖျော့ဖျော့ ဖြစ်ပေါ်လာသည်။ နောက်ပိုင်းတွင် အဖြူရောင်ပြောင်းသွားပြီး၊ အောက်ဘက်သို့ ဆင်းသွားသည်။ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ လက္ခဏာများကို အောက်တွင် ပုံဖြင့်ပြထားပါသည်။

ဘက်တီးရီးယားရွက်ခြောက်ရောဂါ
အထက်ပါ ပုံများကို ကြည့်၍ မိမိတို့ စပါးခင်းများတွင် ဘက်တီးရီးယားရောဂါ ကျရောက်မှု ရှိ၊ မရှိကို သိရှိနိုင်ပါသည်။

စပါးဂုတ်ကျိုးရောဂါမှာ မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး၊ အရွက်ပေါ်တွင် လွန်းအိမ်ပုံစံ ရှည်မျောမျော အနာကွက် အနီရောင် ကိုတွေ့မြင်နိုင်သည်။ စပါးပင် ပင်ပွားထွက်ချိန်တွင် ဖျက်ဆီးမှုပုံစံ မသိသာတတ်သော်လည်း ပြင်းထန်စွာ ကျရောက်ပါက စပါးပင်မှာ လောင်ကျွမ်း ခြောက်သွေ့ သွားတတ်သည်။  အသိသာဆုံး လက္ခဏာမှာ စပါးနှံ ထွက်ချိန်တွင်ဖြစ်သည်။ စပါးနှံများ ကျိုးကျသွားသည်။
စပါးဂုတ်ကျိုးရောဂါ ပုံစံများကို အောက်တွင်ဖော်ပြပေးထားပါသည်။

အစေ့များပေါ်တွင်လည်းကျရောက်သည်။
အရွက်ပေါ်တွင်တွေ့ရပုံ


အရွက်ပေါ်တွင်တွေ့ရပုံ

အနှံရင်းရှိ ဂုတ်တွင် အနီရောင်ဖြစ်နေပုံ

အနှံရင်းတွင် နီနေပုံ
ကာကွယ် နှိမ်နင်းနည်းများကို အခြားသော ပုံစံဖြင့် တစ်ခုချင်း ရေးသားဖော်ပြပေးသွားပါမည်။

သတိပေးချက်။ ။
ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကိုင်တွယ် အသုံးပြုရာတွင် အကာအကွယ် ပစ္စည်းများသုံးစွဲပါ။
ကလေး၊ သူငယ်များနှင့် ဝေးရာတွင် သိုလှောင်သိမ်းဆည်းပါ။

Thursday, March 6, 2014

တောင်သူကြီးတစ်ဦး ပြောပြသော စပါးမျိုးများ အကြောင်း

 ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ စွတ္တငူ ကျေးရွာမှ တောင်သူကြီးတစ်ဦး ပြောပြသော စပါးမျိုးများ အကြောင်း



ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ စွတ္တငူ ကျေးရွာမှ တောင်သူကြီးတစ်ဦး ပြောပြသော စပါးမျိုးများ
ဧရာဝတီတိုင်း အတွင်းရှိ စိုက်ပျိုးလျှက်ရှိသော စပါးမျိုးများနှင့် ၎င်းမျိုးများအကြောင်းကို တောင်သူကြီးများ ပြောပြသည့်အတိုင်း ရေးသားထားပါသည်။

မိုးတွင်းစိုက် စပါးမျိုးများ
ရွှေသွယ်ယဉ်၊ ရွှေမြန်မာ၊ ရွှေပြည်ဌေး စသည့်စပါးမျိုးများကို နွေစပါး အဖြစ်စိုက်ပျိုး၍ မကောင်းပေ။ မိုးစပါး အဖြစ် စိုက်ပျိုးပါကလည်း ကြဲခင်း ပြုလုပ်မှသာ ကောင်းသည်။ စိုက်ခင်း ပြုလုပ်၍ မကောင်း။
ဆင်းသွယ်လတ် စပါးမျိုးကိုလည်း မိုးတွင်းကာလတွင် ကြဲခင်းပြုလုပ် စိုက်ပျိုးရသည်။ စိုက်ခင်းပြုလုပ်ပါက အထွက်နှုန်း မကောင်း။ နွေစပါး၊ မုရင်းစပါး အဖြစ် မစိုက်ပျိုးကြပေ။
ရေဆင်းလုံးသွယ် စပါးမျိုးသည်လည်း စိုက်ခင်းပြုလုပ်၍ မရ၊ ကြဲခင်း စိုက်ပျိုးမှသာ ကောင်းသည်။ ရွှေ့ပြောင်း စိုက်ပျိုးရာတွင် တောင်သူအခေါ် အမြစ်နာ၊ မှိုရောဂါဒဏ် ခံနိုင်ရည် နည်းပါးသည်။
မော်ဘီ ၂ စပါးမျိုးကိုလည်း မိုးတွင်းကာလတွင် စိုက်ပျိုးကြသည်။ သို့သော် တောင်သူလက်ထဲရှိ စပါးမျိုးများမှာ ၃နှစ်သက်တမ်း ကျော်လာပြီဖြစ်သဖြင့် ထွန်းသော အပင်များ များစွာတွေ့ရတတ်သည်။ မျိုးသစ်ရအောင် ရှာ၍ စိုက်စေချင်သည်။ လယ်ကြီး၊ မိုးစပါးအဖြစ် စိုက်ရာတွင် ပျိုးသက်ပေါ်မှုတည်၍ ပင်ပွားနှုန်း နည်းတတ်သည်။ ပျိုးသက် တစ်လသာ ထားသင့်သည်။ ကြဲခင်းအဖြစ် စိုက်ပျိုးပါက အလွန်ကောင်းသည်။
ထိုင်း သီးထပ်ယဉ် မျိုးကို ၇၅ ရက်သားမျိုး ဟုလည်းခေါ်ကြသည်။ မိုးရာသီ စိုက်ပျိုးမှုတွင် ၃ပေခန့်အထိ အပင်အရပ်မြင့်သည်။ နွေစပါး အနေဖြင့် သက်တမ်း ၂လ ရှိသည့်တိုင် ပင်ပွားထွက်ချိန်သာ ရှိနေသေးသည်။ ဆန်သားကြည်ပြီး၊ ဆင်းသွယ်လတ်ထက် ဈေးပိုရသည်။
မိုးရာသီ ရေနက်ကွင်း စပါးမျိုးများ
ထိုင်းမွှေး ကဲ့သို့သော ရေနက်ကွင်းစပါးမျိုးများကို ရေမြုပ်လေ့မြုပ်ထရှိသော လယ်မြေများတွင် အခြောက်ကြဲစနစ် ဖြင့်လည်းကောင်း၊ လုံးလယ်ကြဲစနစ် ဖြင့်လည်းကောင်း၊ စိုက်ပျိုးကြသည်။ ဆန်သားကောင်းပြီး၊ မွှေးသည်။ စပါးပင်သက်တမ်း ၄လခွဲမှ ၅လ အထိရှိသည်။
ကရင်မရာကျော် ကဲ့သို့သော ရေနက်ကွင်း စပါးမျိုးကိုလည်း စိုက်ပျိုးလေ့ရှိကြသည်။
မျိုးသစ်
ဖိလစ်ပိုင်း IR123 မျိုးသစ် ဈေးကွက်အတွင်း ၀င်ရောက်လာသည်။ သက်တမ်း ၇၅-၉၀ ဖြစ်ပြီး၊ တောင်သူများ စမ်းသပ် စိုက်ပျိုးဆဲဖြစ်သည်။ ၂၀၁၃ နွေရာသီမှ စတင် ၀င်ရောက်လာသည်ဟု သိရသည်။

ဆောင်း၊ နွေရာသီစိုက် စပါးမျိုးများ

ရတနာတိုး၊ သီးထပ်ယဉ် စသော စပါးမျိုးများကို မုရင်းစပါးမျိုးများ အဖြစ် ကြဲခင်း၊ စိုက်ခင်း နှစ်မျိုးလုံး အသုံးပြု စိုက်ပျိုး၍ ကောင်းသည်။ ရတနာတိုး စပါးမျိုးသည် သက်တမ်း ၁၂၀ခန့်ရှိပြီး၊ သီးထပ်ယဉ်တွင်မှု ၁၀၅ရက်သာ ရှိသည်။ တောင်သူ အကျိုးပြုစပါးမျိုးများဟု သတ်မှတ်ခေါ်ဆိုကြသည်။
ဆင်းသုခ စပါးမျိုးဆိုလျှင် ရောဂါထူသည်။ မွေးရာပါဟု ပြောရလောက်အောင် ဂုတ်ကျိုးရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ များ ဖြစ်လေ့ရှိသည်။ သက်တမ်း ၁လခွဲ ၂လ ကြာလျှင် ဘာမှထွေထွေထူးထူး မဖြစ်တော့။ ပုလဲကျွေးရာတွင် သတိထားရသည်။ စပါးပင် သက်တမ်း ၁၄၅ရက်ရှိသည်။



သတိပေးချက်။ ။
ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို အခြားသော ဘူး၊ ပုလင်းတို့တွင် ထည့်ပေးရန် ရောင်းချသူကို မတောင်းဆိုရ။

လေ့လာလိုသူများ ၀င်ရောက်လေ့လာရန်

 စိုက်ပျိုရေးဆိုင်ရာ အချက်အလက်၊ ဗဟုသုတများကို လေ့လာလိုသူများ၊ ဘာသာပြန် ရေးသားချင်သူများ အောက်ပါ Link များတွင် ၀င်ရောက်လေ့လာ စေချင်ပါသည်။

http://thefarmermedia.com
The Farmer Journal က တင်ထားတဲ့ ၀က်ဘ်ဆိုဒ် တစ်ခုဖြစ်ပါတယ်။ မြန်မာ့ စိုက်ပျိုးမွေးမြူရေး တောင်သူများအတွက် လေ့လာဖတ်ရှု အားထားစရာ များစွာ တင်ထားပါတယ်။ Local News လို့ ခေါ်တဲ့ ဆောင်းပါးကဏ္ဍမှာ စိုက်ပျိုးမွေးမြူရေး သမားများအတွက် များစွာ အရေးပါတဲ့ ဆောင်းပါးများစွာ တင်ထားတာ တွေ့ရပါတယ်။ စိုက်ပျိုးမွေးမြူရေး သတင်းနှင့် ဆောင်းပါးများ စုစည်းဖော်ပြပေးထားတဲ့ Website တစ်ခုဖြစ်ကြောင်း ထပ်ဆင့် ဖော်ပြပေးလိုက်ပါတယ်။
http://pnwhandbooks.org
ပစိဖိတ် အနောက်မြောက်ပိုင်း လက်စွဲစာအုပ်များ လို့ အမည်ပေးထားပါတယ်။ ပစိဖိတ် အနောက်မြောက်ပိုင်း ပိုးမွှားရောဂါ စီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းတွေ များစွာကို တင်ထားတာပါ။ ရောဂါများ၊ ပိုးမွှားများနှင့် ပေါင်းများ အကြောင်းတို့ကို အသေးစိတ်ကျကျ ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်။ English ဘာသာနဲ့ တင်ထားတာဖြစ်လို့ နောက်ပိုင်းမှာ ဒီ Blog လေးကနေ ဘာသာပြန်ပေးသွားဖို့ရှိပါတယ်။ ရောဂါ၊ ပိုးမွှားနဲ့ ပေါင်းများ အကြောင်း အသေးစိတ် လေ့လာချင်သူများအတွက် များစွာ အသုံးဝင်မှာဖြစ်ပါတယ်။
http://irri.org
အပြည်ပြည်ဆိုင်ရာ စပါးသုတေသန ဌာန က တင်ထားတဲ့ ဆိုဒ်တစ်ခုပါ။ စပါးစိုက်ပျိုးခြင်းနှင့် ပတ်သတ်လို့ အသေးစိတ်လေ့လာထားချက်တွေကို English လို တင်ထားပါတယ်။ စပါးစိုက်ပျိုးကြသူ တောင်သူများ ၀င်ရောက်ကြည့် ရှု နားလည်နိုင်ဖို့ အလှမ်းဝေးဆဲ ဖြစ်ပေမယ့် စိုက်ပျိုးရေးပညာရှင်များ လက်မလွှတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီ ဆိုဒ်ကနေ ပြီးတော့ ထပ်ပွားပြီး တင်ထားတဲ့ အခြားနေရာတစ်ခုကတော့ ....
http://knowledgebank.irri.org အသိပညာဘဏ် လို့နာမည်ပေးထားတဲ့ နေရာလေးပါ။ ဆက်လက် လေ့လာ ကြည့်နိုင်ပါတယ်။

နောက်ပိုင်းမှာ စိုက်ပျိးရေးဆိုင်ရာ မြန်မာနိုင်ငံမှ ၀က်ဘ်ဆိုဒ်များနှင့် နိုင်ငံတကာမှ ၀က်ဘ်ဆိုဒ်များ ဆိုပြီး ရေးသားပေးပို့သွားရန် ရှိပါသည်။
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Myanmar Agricultural Blog ရေးသားရခြင်း၏ ရည်ရွယ်ချက်များ

Myanmar Agricultural Blog ရေးသားရခြင်း၏ ရည်ရွယ်ချက်များ
  • ပိုးသတ်ဆေး အစရှိသော ဓာတုဗေဒ ပစ္စည်များ အသုံးပြုမှုဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရေး၊
  • သီးနှံပင်များတွင် ကျရောက်တတ်သော ရောဂါ၊ ပိုးမွှား စသည်တို့၏ လက္ခဏာများကို လွယ်ကူစွာ လေ့လာနိုင်စေရေး၊
  • နိုင်ငံတကာမှ ရေးသားတင်ပြထားသော စိုက်ပျိုးနည်းပညာများ၊ ဗဟုသုတများ၊ သတင်းများကို လွယ်ကူစွာ ဖတ်ရှုနားလည်နိုင်စေရေး၊
  • မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ မြင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီနိုင်ရေး၊

စိုက်ပျိုးရေးနှင့်ဆိုင်သော စာပေများ၊ သတင်းများကို ရေးခြင်း၊ ဖတ်ခြင်း၊ ဘာသာပြန်ခြင်း စသည်တို့ကို ၀ါသနာပါသော သူငယ်ချင်း၊ မိတ်ဆွေများ အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။