ယခုဆိုလျှင် ဧရာဝတီတိုင်း အတွင်း စပါးခင်းများတွင် ဘက်တီးရီးယား ရောဂါများ၊ မှိုရောဂါများ ကျရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ပျိုးခင်း ပြုလုပ် စိုက်ပျိုးသူများ အနေဖြင့်လည်း ပျိုးခင်း ပြုလုပ် ပျိုးထောင်စဉ်ကတည်းက ကာကွယ်ခြင်း နည်းပါးခဲ့ကြသည်။ ကြဲခင်း သမားများမှာလည်း ပေါင်းသတ်ဆေးများနှင့် နပန်းလုံးနေရ၍ သတိမမူမိကြပေ။ ခုနောက်ပိုင်း ရောဂါ လက္ခဏာများ စတင်ပြသလာသော အခါတွင် စိုက်ပျိုးရေးသုံး မှိုသတ်ဆေး၊ ဘက်တီးရီးယား သတ်ဆေးများကို အသုံးပြုရန် စိုက်ပျိုးရေး ဆေးဆိုင်များသို့ လာရောက် ၀ယ်ယူကြသည်။ ထိုသို့ လာရောက် ၀ယ်ယူကြသော အခါတွင်လည်း "မှိုဆေး ပေးပါ" ဟူ၍သာ ပြောဆို ၀ယ်ယူကြလေ့ရှိသည်။
ထို့ကြောင့် တောင်သူ၊ လယ်သမားများ အနေဖြင့် မိမိစိုက်ခင်း အတွင်းမှ ရောဂါရ အပင် (သို့) ရောဂါရ အစိတ်အပိုင်းများ၊ စိုက်ခင်းကို ဖုန်းဖြင့် ဓာတ်ပုံရိုက်၍ ဖြစ်စေ ယူဆောင်ကာ ဆေးဆိုင်များတွင် စုံစမ်း ၀ယ်ယူသင့်ပါသည်။ ရောဂါ တစ်ခြား၊ ဆေး တစ်ခြား ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် လိုအပ်ပါသည်။ ထိုသို့ သိရှိသူများ အနေဖြင့်လည်း တောင်သူ၊ လယ်သမားများ နည်းပညာဖြင့် ရင်းနှီး ကျွမ်းဝင်လာစေရန် တိုက်တွန်း အသိပေးရန် လိုအပ်ပါသည်။
ထပ်ခါ တစ်လဲလဲ ပြုမှုခြင်းဖြင့် ဓလေ့ဖြစ်လာသည်။
မြန်မာ့ တောင်သူ၊ လယ်သမားများ ကိုယ်၊ စိတ် နှစ်ပါး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
Wednesday, July 23, 2014
ဓာတုဗေဒ ပေါင်းသတ်ဆေးများ အသုံးပြု၍ ပေါင်းမြက်များ နှိမ်နင်းခြင်း
ဓာတုဗေဒ ပေါင်းသတ်ဆေးများ အသုံးပြု၍ ပေါင်းမြက်များ နှိမ်နင်းခြင်း ဆိုသည်မှာ-
ပေါင်းသတ်ဆေး ဟုခေါ်သော ဓာတုဗေဒ ဆေးများ အသုံးပြု၍ သတ်မှတ်ထားသော ပေါင်းမြက်များ၊ မူမမှန်ပင်များကို နှိမ်နင်းခြင်းပင် ဖြစ်သည်။
ပေါင်းသတ်ခြင်း လုပ်ငန်းစဉ်တွင်
- ဓာတုဗေဒ ဆေးများဖြင့် ပေါင်းသတ်ခြင်း၊
- စိုက်ပျိုးနည်းစနစ်ဖြင့် ပေါင်းသတ်ခြင်း၊
- လူတို့၏ လုပ်အားဖြင့် ပေါင်းသတ်ခြင်း၊ နှင့်
- စက်အားဖြင့် ပေါင်းသတ်ခြင်း တို့ ပါဝင်ကြသည်။
ဘာကြောင့် ပေါင်းပင်တွေကို နှိမ်နင်းရသလဲ?
- ပေါင်းမြက်များနှင့် ယှဉ်ပြိုင်ပေါက်ရောက်ခြင်းမှ အထွက်နှုန်း ကျဆင်းမူကို ကာကွယ်ခြင်း၊
- သန့်ရှင်းမှု ကိုထိမ်သိမ်းခြင်း၊ တစ်နည်းအားဖြင့် ရိတ်သိမ်းသီးနှံ၏ အရည်အသွေးနှင့် ဈေးကွက်အတွင်း ဈေးနှုန်းကောင်း ကို ထိန်းသိမ်းခြင်း၊
- မြေဆီလွှာ အတွင်းသို့ ပေါင်းမြက် မျိုးစေ့များ ထပ်မံ ၀င်ရောက်မှုကို ကာကွယ်ခြင်း၊
- ပေါင်းပင်များ အပေါ်မှီတည်၍ ရှင်သန်တတ်သော အင်းဆက်ပိုးများ၊ ကြွက်များနှင့် ရောဂါများ ရန်မှ ကာကွယ်ခြင်း၊
- ရေသွင်း၊ ရေထုတ် လုပ်ငန်းစဉ်တွင် ပိတ်ဆို့ပေါက်ရောက်ခြင်း၊ ရေစီးရေလာ မကောင်းခြင်းမှ ကာကွယ်ခြင်း၊ နှင့်
- မြေပြင်ခြင်း၊ နှင့် ပေါင်းသတ်ခြင်း လုပ်ငန်းတွင် အချိန်ကုန်၊ ငွေကုန် သက်သာခြင်းများ ကြောင့် ပေါင်းသတ်ခြင်းများ ပြုလုပ်ကြသည်။
ပေါင်းသတ်ခြင်းတွင် အဘယ်ကြောင့် ပေါင်းသတ်ဆေးများ (ဓာတုဗေဒ ဆေးများ) အသုံးပြုကြသလဲ?
- လုပ်သား အနည်းငယ်သာ လိုအပ်ခြင်း၊ ငြီးငွေ့ဖွယ် တစ်ကုပ်ကုပ် လုပ်ရခြင်း မရှိခြင်း၊
- သေချာ သင့်တော်စွာ အသုံးပြုပါက အကျိုးရှိသော ကုန်ကျမှု ဖြစ်ခြင်း၊
- လူဖြင့် ပေါင်းလိုက်ခြင်းပြုရန် ပေါင်းပင်များ ကြီးထွားလာသည် အထိ စောင့်ဆိုင်းရန် မလိုအပ်ခြင်း၊ နှင့်
- လူတို့ ခွဲခြားရန် ခက်ခဲသော အစေ့ပေါက် အရွယ်၌ပင် ပေါင်းသတ်ဆေးများသည် ခွဲခြား နှိမ်နင်း နိုင်ခြင်းများကြောင့် အသုံးပြုကြသည်။
ပေါင်းသတ်ခြင်းတွင် ပေါင်းသတ်ဆေးများ (ဓာတုဗေဒ ဆေးများ) ကို ဘယ်လို အကျိုးရှိအောင် အသုံးပြုကြမလဲ?
၁။ သီးနှံပင်းများ စတင် စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီး အမိုးအကာ အောက်ရောက်သည် အထိ ပေါင်းမြက်များကို နှိမ်နင်းရန်လိုအပ်သည်။
၂။ ပေါင်းသတ်ဆေး ထုတ်ကုန်များ၏ အညွှန်းစာများကို အစဉ်အမြဲ ဖတ်၍ လိုက်နာဆောင်ရွက်ရမည်။
၃။ မိမိတို့ အသုံးပြုသော ပေါင်းသတ်ဆေး၏ အသုံးပြုနိုင်သော သီးနှံ၊ သီးနှံပင်၏ သက်တမ်းနှင့် နှိမ်နင်းနိုင်သော ပေါင်းမြက်များကို သေချာပါစေ။
၎။ သီးနှံစိုက်ခင်း အတွင်းရှိ အခြေအနေလည်း သေချာမှုရှိပါစေ။ ဥပမာ- အချို့သော ပေါင်းသတ်ဆေးများသည် စိုက်ခင်းအတွင်း မြေဆီလွှာ စိုစွတ်နေမှ အလုပ်လုပ်သည်။ အချို့မှာ ရေရှိရန် လိုအပ်ပြီး၊ အချို့မှာ ရေလုံးဝ မရှိရန် လိုအပ်သည်။
၅။ အချို့သော ထုတ်ကုန်များ (ပေါင်းသတ်ဆေးများ) သည် စိုက်ပျိုးချိန် အစောပိုင်းအတွင် အသုံးပြုရသည်။ အချို့ ပေါင်းသတ်ဆေးများသည် ပေါင်းမြက်များ မပေါက်ရောက်မီ အသုံးပြုရပြီး၊ အချို့မှာ ပေါင်းပင်များ တွေ့ရှိ ပေါက်ရောက်မှသာ ပက်ဖြန်း အသုံးပြုရသည်။
၆။ ညွှန်ကြား ထားရှိသော ရေပမာဏကို အသုံးပြုရသည်။
၇။ သန့်ရှင်း၊ လတ်ဆတ်သော ရေကို အသုံးပြုရသည်။ ရွှံ့ ရေများဖြင့် မပက်ဖြန်းရ။
၈။ စိုက်ခင်း တစ်လျှောက် တစ်သမတ်တည်း ပက်ဖြန်း အသုံးပြုပါ။ ခပ်မှန်မှန်၊ ခပ်စိတ်စိတ် လျှောက်လှမ်း ပက်ဖြန်းခြင်းဖြင့် တစ်သမတ်တည်း ပက်ဖြန်းရသည်။
၉။ ဆေးထွက်မှန်ပြီး၊ ကောင်းမွန်သော ဆေးဖြန်းခေါင်းကို အသုံးပြုပါ။
၁၀။ ပေါင်းပင်များ၏ အထက် ၁၅ စင်တီမီတာ အမြင့်မှ ပေါင်းသတ်ဆေးများ ပက်ဖြန်းရသည်။
၁၁။ ပေါင်းမြက်များ မရှိသော နေရာတွင် ဆေးဖြန်းနှုန်းလျှော့ချ နိုင်ပြီး၊ လေတိုက်နှုန်း မြင့်မားချိန်တွင် မဖြန်းသင့်။ အခြား စိုက်ခင်းများအတွင်းသို့ ဆေးများ မလွင့်စေရပါ။
၁၂။ လေတိုက်ရာကို ထောင့်မှန်ကျ အောက်ဖက်မှ စတင် ဆေးဖြန်းသင့်သည်။ ထိုမှသာ ဆေးဖြန်းရာတွင် အဝေးသို့ လွင့်စင်ခြင်း မဖြစ်ပေါ်စေမည်။
၁၃။ ပေါင်းပင်များသည် ပေါင်းသတ်ဆေးများကို ခံနိုင်ရည် ရှိမလာစေရန်၊ ပေါင်းသတ်ဆေး အမျိုးအစားများကို အလှည့်ကျ ရွေးချယ် ပက်ဖြန်းပါ။
ပေါင်းသတ်ခြင်းတွင် ပေါင်းသတ်ဆေးများ (ဓာတုဗေဒ ဆေးများ) ၏ ကန့်သတ်ချက်များ
-ပေါင်းသတ်ဆေးများသည် အဆိပ်ရှိသော အရာဝတ္ထုများ ဖြစ်သည်။ ပေါင်းသတ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းနှင့် မမှန်ကန်စွာ အသုံးပြုခြင်းကြောင့် လူတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေသည်။
- ပေါင်းသတ်ဆေးများသည် တိကျသော ပေါင်းမြက်များ အတွက်သာဖြစ်သည်။ ပေါင်းမြက်အားလုံးကို မနှိမ်နင်းနိုင်ပေ။
- လယ်သမားများသည် ပေါင်းသတ်ဆေး တစ်မျိုးတည်းကိုသာ ရေရှည် အသုံးပြုလာလျှင်၊ ပေါင်းမြက်များသည် ပေါင်းသတ်ဆေး ခံနိုင်ရည် ရှိလာနိုင်ကြသည်။
- ပတ်ဝန်းကျင် သီးနှံပင်များသို့ စိမ့်ဆင်း ၀င်ရောက်ခြင်း ဖြစ်တတ်သည်။
- ပေါင်းသတ်ဆေး ညွှန်ကြားသူများသည် ဆေးနှုန်းထား ညွှန်ကြားခြင်းနှင့် ပါဝင်ဆောင်ရွက်ခြင်းများတွင် အတွေ့အကြုံ ရှိရန် လိုအပ်သည်။
ဘေးအန္တရာယ် ကင်းရှင်းစေသော အချက်များ
- အကာအကွယ် ၀တ်စုံများကို အစဉ် ၀တ်ဆင်ပါ။ ဦးခေါင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် လက်တို့ကို ကာကွယ်ပါ။ လက်ရှည် အင်္ကျီ၊ ဘောင်းဘီရှည်နှင့် လည်ရှည် ဖိနပ်တို့ ၀တ်ဆင်ပါ။
- ပေါင်းသတ်ဆေး ရောစပ်ခြင်းသည် အရေးကြီးဆုံး ပေါင်းစပ်ချိန်ဖြစ်ပြီး၊ ၎င်းတွင် ပြင်းအားများစွာ ပါဝင်သည်။
- ဆေးဖျော်စပ်ချိန်တွင် လေတိုက်ရာ အထက်ဘက်တွင် အမြဲနေသင့်ပြီး၊ အကာအကွယ်များ ၀တ်ဆင်ထားသင့်သည်။ အထူးသဖြင့် မျက်နှာပိုင်းကို ကာကွယ်ပါ။
- ဆေးဖြန်းရာတွင် ၀တ်ဆင်သော အ၀တ်အစားများကို အခြား အ၀တ်အစားများနှင့် ခွဲခြားထား၍ လျှော်ဖွတ် သိမ်းဆည်းပါ။
- ဆေးဖြန်းခေါင်းကို ဖြုတ်ယူ၍ သွားတိုက်တံကဲ့သို့ ပွတ်တိုက်စရာဖြင့် ဆေးကြောပါ။ ဘယ်သောအခါမှ ဆေးဖြန်းခေါင်းကို ပါးစပ်ဖြင့် မှုတ်ခြင်းမပြုပါနှင့်။
- ဆေးဖြန်းရာတွင် အသုံးပြုသော ဆေးဖြန်းပစ္စည်းများကို ဆေးကြောဖြုတ်သိမ်းပါ။
သည် စာတမ်းကို ရေးသားထားသူတွေကတော့ B Chauhan, MA Bell, JF Rickman, and V Balasubramanian. ဟု ဖော်ပြပါရှိပါသည်။
www.knowledgebank.irri.org မှ ရရှိသော Chemical Weed Control ကို ဘာသာပြန် ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

Subscribe to:
Posts (Atom)